12min Notes Myanmar

Inside the mind of a master procrastinator - Tim Urban

img

Inside the mind of a master procrastinator - Tim Urban

💢တောင်လိုပုံနေတဲ့လုပ်စရာတွေ ရှိနေသလား။


💢အလုပ်တွေကို နောက်ရွှေ့ရင်း ရွှေ့ရင်းနဲ့ Deadline ကြီး မျက်စောင်းထိုးတာ ခံနေရပြီလား။


💢 ပိုဆိုးတာက ဒီလိုမျိုး Deadline နဲ့ နပန်းလုံးရတဲ့ကိစ္စတွေက အမြဲတမ်းဖြစ်နေကျတစ်ခုလို ဖြစ်လို့နေပြီလား။


ဒါဆိုရင်တော့ စာဖတ်သူဟာ Procrastinator (အချိန်ဆွဲသူ) တစ်ယောက်ဖြစ်နိုင်ပါတယ်။


စာဖတ်သူ ဘာကြောင့် ဒီလိုအချိန်ဆွဲမိသလဲဆိုတာကို ကိုယ်တိုင်ကိုယ်ကျ ပိုမိုနားလည်နိုင်ဖို့ အချိန်ဆွဲဂုရုကြီး Tim Urban ပြောပြထားတဲ့  အချိန်ဆွဲခြင်း (Procrastination) အကြောင်းကို အတူတူလေ့လာကြည့်ကြရအောင်ပါ။


ဥပမာအားဖြင့် - ကျွန်တော်တို့တစ်တွေဟာ သင်္ဘောကြီးတစ်စင်းလို့ ဆိုကြပါစို့။

ဒါဆိုရင် ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ သင်္ဘောကိုယ်ထည်ကြီးသာသာပါ။ ကျွန်တော်တို့ရဲ့ ဦးနှောက်ကသာ အခရာဖြစ်ပြီး ဦးနှောက်စေရာကိုသာ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်က လိုက်ပါပါတယ်။


𝗧𝗶𝗺 𝗨𝗿𝗯𝗮𝗻 ပြောပြတဲ့ အချိန်ဆွဲခြင်းအကြောင်းမှာတော့ သူက ကျွန်တော်တို့ရဲ့ ဦးနှောက်ထဲမှာ ဇာတ်ကောင်လေး (၃)ကောင် ရှိတယ်လို့ ဆိုထားပါတယ်။


▂▂▂▂▂▂▂▂▂▂▂▂▂▂


(၁) Rational Decision Maker

(ကျိူးကြောင်းဆက်စပ် ဆုံးဖြတ်တတ်သူ)


သူကတော့ ကျွန်တော်တို့ ဦးနှောက်ရဲ့ နတ်သားလေးပါပဲ။

ကျွန်တော်တို့ တိုးတက်ရာတိုးတက်ကြောင်းကိုပဲ ရှေးရှုပြီး တိုးတက်ရာတိုးတက်ရာကြောင်းဖြစ်မယ့် လုပ်ငန်းကိစ္စတွေကိုပဲ လမ်းညွှန်ပြီး လုပ်စေတဲ့ ဇာတ်ကောင်လေးပဲ ဖြစ်ပါတယ်။


ဒါပေမယ့် ဒီလို တိုးတက်ရေးကိစ္စတွေဆိုတာ အနည်းနဲ့အများ ခက်ခဲပင်ပန်းတဲ့ ကိစ္စတွေချည်းဆိုတော့

တစ်ခါတလေ ပြီးမြောက်အောင်လုပ်ဖို့ ပျော်စရာမကောင်းတဲ့ အခြေအနေတွေ ရှိနေနိုင်ပါတယ်။


▂▂▂▂▂▂▂▂▂▂▂▂▂▂


(၂) Instant Gratification Monkey

(အပျော်အပါးမက်တဲ့ မျောက်)


Tim Urban ရဲ့ အဆိုအရတော့ ဒီ အပျော်အပါးမက်တဲ့မျောက်လေးဟာ ကျွန်တော်တို့ရဲ့တိုးတက်ရာတိုးတက်ကြောင်းကို စိတ်မ၀င်စားသလို ဂရုလည်းမစိုက်တဲ့ ဇာတ်ကောင်လေးပဲ ဖြစ်ပါတယ်။


ဒီဇာတ်ကောင်လေးက လွယ်လွယ်ကူကူရတဲ့ ခဏတာပျော်ရွှင်မှုအတွက်ပဲ ဦးတည်ရှင်သန်နေပြီး အပျော်အပါးမက်လွန်းတာကြောင့်  အပေါ်ကကျိုးကြောင်းဆင်ခြင်တတ်တဲ့ နတ်သားဇာတ်ကောင်လေးနဲ့တော့ ပုံစံမတူပါဘူး။


ဒီဇာတ်ကောင်နှစ်ယောက် အားပြိုင်တဲ့ အချိန်အများစုမှာ ဆိုရင်လည်း ဒီ မျောက်ဇာတ်ကောင်လေးကပဲ အနိုင်ရသွားတာ များပါတယ်။ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့ရဲ့ ဦးနှောက်တွေဟာ ခက်ခဲတဲ့ လုပ်ငန်းဆောင်တာတွေထက် ပျော်စရာ ရွှင်လန်းစရာကောင်းတဲ့ စေ့ဆော်မှု အာရုံတွေကို ပို သဘောကျ နှစ်ခြိုက်တာကြောင့် ဖြစ်ပါတယ်။


ဒါပေမယ့် ဒီ ကျိုးကြောင်းဆင်ခြင်သူ နတ်သား နဲ့  အပျော်အပါးမက်တဲ့ မျောက် သဘောတူတဲ့ အချိန်တွေလည်း ရှိကြပါတယ်။


ဒါက ဘယ်လိုအချိန်တွေလဲဆိုရင် လုပ်ငန်းဆောင်တာတွေပြီးမြောက်တဲ့အချိန် ဒါမှမဟုတ်  အနားယူသင့်ယူထိုက်တဲ့ အနားယူချိန်တွေမှာ ပျော်စရာကောင်း၊ လွယ်ကူ၊ စိတ်လှုပ်ရှားစရာကိစ္စရပ်တွေလုပ်ဆောင်ဖို့ အဓိပ္ပာယ်ရှိတဲ့ အခြေအနေမျိုးတွေပဲဖြစ်ပါတယ်။


▂▂▂▂▂▂▂▂▂▂▂▂▂▂


(၃) Panic Monster

(အလန့်တကြားဖြစ်စေတဲ့ သတ္တဝါကြီး)


Panic Monster ကြီးဟာ  Rational Decision Maker ဆိုတဲ့နတ်သားလေးရဲ့ အစောင့်အရှောက်ကြီးပါပဲ။


တစ်နည်းအားဖြင့် Instant Gratification Monkey ကြောက်တဲ့တစ်ဦးတည်းသော ဇာတ်ကောင်ဆိုလည်း မမှားပါဘူး။


ဒီ သတ္တဝါကြီးဟာ အချိန်အများစုမှာတော့ အိပ်လို့သာနေပေမယ့် Deadline တစ်ခုနီးလာပြီ ၊  ကြောက်လန့်စရာအကျိုးဆက်တစ်ခုကို အာရုံခံမိပြီဆိုတဲ့အခါ အိပ်ပျော်နေရာက ထလာပြီး အပျော်အပါးမက်တဲ့မျောက်ကို ခြောက်လှန့်တာကြောင့် မျောက်က အဝေးကို တစ်ခဏ ရှောင်ပြေးသွားပါတယ်။


ဒီမျောက် ထွက်ပြေးသွားမှပဲ Rational Decision Maker ဆိုတဲ့ နတ်သားလေးဟာ ကျွန်တော်တို့ ဦးနှောက်ထဲက ပဲ့ကို ကိုင်နိုင်ပြီး ပြီးမြောက်စရာတွေကို အဆုံးသတ်နိုင်ပါတယ်။


ဒါကြောင့်ပဲ Procrastinator (အချိန်ဆွဲသူ) တွေဟာ Deadline နီးမှ အလုပ်တွေ နင်းကန်လုပ်ရတော့ ပို ပင်ပန်းတဲ့အပြင် ရလဒ်ကလည်း အကောင်းဆုံး မဖြစ်တာကြောင့် ပင်ပန်းရကျိုးမနပ်တဲ့အခြေအနေမျိုးတွေလည်း ဖြစ်စေနိုင်တာ ဖြစ်ပါတယ်။


▂▂▂▂▂▂▂▂▂▂▂▂▂▂


အချိန်ဆွဲခြင်းမှာ (၂) မျိုး ရှိပါတယ်။


(၁) Deadline (သတ်မှတ်ရက်ရှိတဲ့ အချိန်ဆွဲခြင်း)


(၂) Non-deadline (သတ်မှတ်ရက် မရှိတဲ့ အချိန်ဆွဲခြင်း)


~~~


(၁) Deadline


သတ်မှတ်ရက်ရှိတဲ့ အချိန်ဆွဲခြင်းဆိုတာက - 


ဥပမာအားဖြင့် ကျွန်တော်တို့ရဲ့ အိမ်စာတွေ၊ အလုပ်တွေ၊ စာတမ်းတွေ စသဖြင့် ဒီလိုပြီးမြောက်အောင်လုပ်ဆောင်ပေးရမယ့် သတ်မှတ်ရက်ရှိတဲ့ အလုပ်ကိစ္စတွေကို ဆိုလိုတာဖြစ်ပါတယ်။


~~~


(၂) No Deadline


သတ်မှတ်ရက်မရှိတဲ့ အချိန်ဆွဲခြင်းဆိုတာကတော့ -


ကျွန်တော်တို့ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေ၊ ရည်မှန်းချက်တွေဖြစ်တဲ့ သတ်မှတ်ရက်မရှိတဲ့ကိစ္စမျိုးတွေမှာ အချိန်ဆွဲခြင်းကို ဆိုလိုတာ ဖြစ်ပါတယ်။


ဥပမာအားဖြင့် ဝိတ်ချတာ၊ မကောင်းတဲ့ ချစ်သူ ရည်းစား ဒါမှမဟုတ် သူငယ်ချင်းမိတ်ဆွေတွေနဲ့ ဆက်ဆံရေးတစ်ခုကိုချန်ထားခဲ့ဖို့ ကြိုးစားတာ၊ မိသားစုတွေကိုအချိန်ပေးတာ စသဖြင့် သတ်မှတ်ရက်မရှိတဲ့ ကိစ္စရပ်တွေ ဖြစ်ပါတယ်။


ဒီလို သတ်မှတ်ရက် Deadline မရှိတဲ့ကိစ္စရပ်တွေကို ကျွန်တော်တို့ Procrastinator တွေအချိန်ဆွဲတဲ့အခါ တဖြည်းဖြည်းချင်း နောင်တတွေ စုပုံလာရနိုင်ပါတယ်။


▂▂▂▂▂▂▂▂▂▂▂▂▂▂


စာဖတ်သူတို့အနေနဲ့ တစ်ခုသိထားသင့်တာက လုပ်ငန်းဆောင်တာတစ်ခုဟာ Deadline ရှိသည်ဖြစ်စေ၊  Deadline မရှိသည်ဖြစ်စေ ကျွန်တော်တို့ရဲ့ အချိန်တွေ၊ တခြားသူတွေရဲ့ နားလည်ပေးမှုနဲ့ သည်းခံပေးမှုတွေကတော့ Deadline ရှိနေတယ်ဆိုတာကိုပါပဲ။


ခဏတာ အပျော်လား၊ ရေရှည်မှာ ပျော်ရွှင်မှုလား ?


ဘာကို ဦးစားပေးမယ်ဆိုတာတော့ စာဖတ်သူရဲ့ ဆုံးဖြတ်ချက်နဲ့သာဆိုင်မှာဖြစ်ပါတယ်။


ဒါကြောင့် စာဖတ်သူဟာလည်း အချိန်ဆွဲတတ်သူတစ်ယောက်ဆိုရင် ဒီအပျော်အပါးမက်တဲ့ မျောက် (Instant Gratification Monkey)ကို သတိထားရင်း အကန့်အသတ်ရှိတဲ့ နေ့ရက်တွေရဲ့  တစ်နေ့တာအချိန်တွေကို တန်ဖိုးထားပြီး ကျိုးကြောင်းဆင်ခြင်စွာသုံးနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ။


▂▂▂▂▂▂▂▂▂▂▂▂▂▂


အခုပြောပြသွားတဲ့ TED Talk လေးကိုတော့ အောက်က Link ကနေ တစ်ဆင့် ကြည့်ရှုလို့ရပါတယ်ခင်ဗျာ။


https://www.ted.com/talks/tim_urban_inside_the_mind_of_a_master_procrastinator


❌12min Notes Myanmar ၏ မြန်မာဘာသာ TED Talk review များကို Credit ပေး၍ ကူးယူခြင်းကို ခွင့်မပြုပါ။ ❌


Author : 12min Notes Myanmar